Download Myanmar font""
ဤနေရာမှ လင့်များ "ဆက်လက်ခရီးဆက်နိုင်ဘို့"သို့ ပို့ထားပါတယ်။

Thursday, July 30, 2009

Korean Industries (ကိုရီးယားနိုင်ငံရှိ စက်ရုံကြီးနှစ်ရုံဖြစ်တဲ့ POSCO နှင့် HYUNDAI သို့ လေ့လာရေးခရီး)။

ဒီခရီးလေးကတော့ ကိုရီးယားနိုင်ငံကို ရောက်ပြီး ၈ လ ခန့်အကြာမှာ သွားခဲ့တဲ့ လေ့လာရေးခရီးလေးပါ။ ကျွန်တော့်ရဲ့ ဒုတိယ လေ့လာရေးခရီးစဉ်လေးပေါ့။ ကိုရီးယားကိုရောက်ပြီး တစ်လခန့်အကြာ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ထဲမှာ ပထမအကြိမ် လေ့လာခွင့်ရခဲ့ပါသေးတယ်။(အဲဒီအကြောင်းလေးလဲ အချိန်ရတဲ့တစ်နေ့ ရေးပါအုံးမယ်) အလွန်ပဲစိတ်ဝင်စားဖွယ်ကောင်းတဲ့ Korea’s Tourist Attraction Places နေရာလေးတွေပါ။ ဒီဒုတိယခရီးစဉ်ရဲ့ ထူးခြားချက်ကတော့ သာမန်အားဖြင့် သွားရောက် လေ့လာခွင့်မရှိတဲ့ နေရာတွေဖြစ်နေလို့ပါ။ အဖွဲ့အစည်းတစ်ခုအနေနဲ့ မို့ဝင်ရောက်လေ့လာခွင့်ရခဲ့တာပါ။ ဒါပေမဲ့ ဓါတ်ပုံရိုက်ခွင့်တော့မပေးပါဘူး။ အဲဒါကြောင့် ဓါတ်ပုံနဲ့ လောက်တော့ မြင်သာအောင်ပြောပြဖို့မလွယ်ဘူးထင်တယ်။ ရတန်သလောက်တော့ စုစည်းပေးသွားပါမယ်။
ဘူဆန် (Busan)ကနေ နံက် ၈း၃၀ မှာစတင်ခရီး ထွက်ခွာခဲ့ပါတယ်။ နံနက် ၁၀း၀၀ နာရီထိုးတော့ ဖိုးဟန် (Pohang) ရောက်ပါတယ်။ တစ်နာရီခွဲပဲ ကားစီးလိုက်ရတယ်။ ဆိုးလ်မြို့ကချီတက်လာမယ့် PCNB အဖွဲ့နဲ့က ရောင်းအီးတက္ကသိုလ် ဟိုတယ် (Yeongildae Hotel) မှာ နေ့လည် ၁၂း၂၀ မှာ ချိန်းထားတာဆိုတော့ အချိန်ပိုနေတာနဲ့ ဖိုးဟန် ကားဂိတ်မှာ မှတ်တမ်းဓါတ်ပုံလေးတွေရိုက်ဖြစ်ခဲ့ပါတယ်။
ဒါကတော့ ဖိုးဟန် ကားဂိတ်ရဲ့ (Pohang Bus Terminal) နောက်ကျော တစ်နေရာပါ။

ဒါကတော့ ရောင်းအီးတက္ကသိုလ်ဟိုတယ် (Yeongildae Hotel)မှာပါ။

၁၅ မိနစ်လောက် တက်စီကား စီးလိုက်တော့ ဟိုတယ်ရောက်ပါတယ်။ ဟိုတယ်မှာ နေ့လည်စာစားပြီး POSCO (Pohang Steel Com.ltd) ကိုသွားရောက်လေ့လာခဲ့ရပါတယ်။ ကမ္ဘာ့ထိပ်တန်းစားရင်းဝင် စက်ရုံလို့ဆိုပါတယ်။ ရှင်းလင်းဆောင်မှာ စက်ရုံခွဲ တာဝန်ခံတစ်ယောက် က ကြိုဆိုပါတယ်။ ဗွီဒီယိုရှိုးလုပ်ပါတယ်။ ပုံစံငယ်လေး နဲ့လည်းရှင်းပြပေးပါတယ်။ စက် ရုံခွဲ သုံးခု ရှိတယ်လို့ဆိုပါတယ်။ ကိုရီးယားစစ်ပွဲ (၁၉၅၀-၅၃)အပြီး ၁၉၆၀ မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အကြယ်အ၀န်းအားဖြင့် ၉ စတုရန်းမိုင် ရှိပါတယ်တဲ့။ ဆက်လက်ပြီးကားနဲ လည်ပတ်ကြည့်ရှုခဲ့ရပါတယ်။ ကျွန်တော်တို့အဖွဲ (PCNB) က စုစုပေါင်းလူ ၄၀ ဖြစ်ပြီး ကားနှစ်စီးနဲ့ လာတာဖြစ်လို့ ကားတစ်စီးစီအတွက် လမ်းပြ (Guide) တစ်ယောက်စီထည့်ပေးပါတယ်။ လမ်းဘေး ဘယ်ညာ ပြရင်း ရှင်းရင်းနဲ့ ၁၅ -၂၀ မိနစ်လောက်ကြာမယ်ထင်ပါတယ်။ ကျွန်တော်တို့ကားပေါ်တက်လာတဲ့ တိုးဂိုက်(Tourist Guide) က ဖိလစ်ပိုင်မလေးပါ။ အီးလိုမွှတ်နေအောင် ရှင်းပြပါတယ်။ သံမဏိစက်ရုံမှာ လေ့လာခဲ့ရတာ ပြောင်းပြန်ဖြစ်နေပါတယ်။ ပထမ သံပူခဲ လုပ်တဲ့နေရာ၊ သံပြားလုပ်တဲ့နေရာကို ပြပြီးမှ သံရည်ပူ လုပ်တဲ့နေရာကိုလိုက်ပြပါတယ်။ သံရည်ပူတွေကို တန် ၁၂၀၀ အလေးချိန်ရှိတဲ့ ထဲ့သယ်ခွက် (Container-Conveyer) နဲ့ ထဲ့သယ်ပါတယ်။ တစ်ခါသယ်လျှင် သံရည်ပူ တန် ၈၀၀ ၀င်ဆန့်တယ်လို့ပြောပါတယ်။ အဲဒီသံရည်ပူရဲ့ အပူချိန်ဟာ ၁၂၀၀ ဒီဂရီ စီ ရှိပါတယ်တဲ့။ လိုက်လံရှင်းလင်းသူက ဒီနေရာဟာ အန္တရာယ် အများဆုံးနေရာပါလို့ ပြောပါတယ်။ ဘာလို့လည်းဆိုတော့ အခုလောက်အထပ်ထပ်ကာထားတဲ့၊ အခုလောက်ဝေးတဲ့နေရာမှာတောင် ခြွေးပြန်အောင်ပူနေလို့လေ။ အဲဒီသံရည်အပူတွေကို သံပူခဲဖြစ်အောင်လုပ်တယ်။ သံပူခဲကြီးတွေ ဟိုပြေး ဒီပြေးနဲ့ သန့်စဉ် စက်ရုံထဲမှာ ကြည့်ရတာ ကြောက်စရာလည်းကောင်းတယ်။ အသည်းရားစရာလည်းကောင်းတယ်။ အံသြစရာလည်းကောင်းတယ်။ အောက်က Roller Conveyre တွေရဲ့ တဝေါဝေါ အသံမြည်သံက စက်ရုံထဲမှာ ဟီးနေတယ်။ ရေနဲ့ အဆင့်ပေါင်းများစွာ လောင်းပြီး အပူချိန်လျှော့ချနေတာတွေ့ခဲရတာပဲ။ အားလုံးဟာ Computer drive ဖြစ်နေလို့ အလုပ်သမားရယ်လို့ များများစားစား မတွေ့ခဲ့ရပါဘူး။ Finishing အပိုင်းမှာ ထုပ်ပိုးတဲ့သူ ၃-၄ ရောက်လောက်ပဲတွေ့ခဲ့ရတယ်။ လူမရှိလို့ အထင်တော့မသေးလိုက်နဲ့ စက်ရုံရဲ့ တစ်နေ့ တာ Production Capacity က တန် ၃၀၀၀ ရှိတယ်တဲ့။ သန့်စဉ်ပြီး သံပြား အရိုင်း တစ်နှစ်ကို တန် ၈ သိန်း ပြည်ပတင်ပို့နေတယ်တဲ။ စုစုပေါင်း စွမ်းရည်က တန် ၁.၆၆ သန်း ထုတ်လုပ်နိုင်တာမို့ အောက်ပါစာရင်းအတိုင်း ကမ္ဘာသံမဏီအများဆုံးထုတ်လုပ်တဲ့စာရင်းရဲ့ နံပါတ်ငါးခုမြောက် စက်ရုံဖြစ်နေပါတယ်တဲ့ဗျာ။
Listing of stainless steel producers in terms of crude production (selected on projections for 2005)
1. Arcelor (3,580,000 ton)
2. TKS (2,820,000 ton)
3. Acerinox (2,690,000 ton)
4. Avesta (2,550,000 ton)
5. POSCO (1,660,000 ton)
ဒါကတော့ သံပူခဲကြီး ဟိုဟို ဒီဒီပြေးနေတဲ့ပုံပါ။

စက်ရုံထဲမှာ အဲလောက်အပူချိန်တွေနဲ့လုပ်နေရတော့ မီးလောင်မှာစိုးရတဲ့အတွက် လမ်းတစ်လျှောက်လုံး မိုးရွာရက်မှလွဲပြီး ၂၄ နာရီရေဖြန်းထားပါတယ်။ လူနေမြို့နဲလည်းသိပ်မဝေးတာမို့ ပတ်ဝန်းကျင်းညစ်ညမ်းမှုထိန်းသိမ်းရေး မျှော်စဉ်တွေလည်း မြောက်များစွာရှိနေပါတယ်။ လေထု၊ မြေထု ညစ်ညမ်းမှုကို အမြဲစစ်ဆေးတိုင်းတာသတိပေးလျှက်ရှိပါတယ်တဲ့။ စက်ရုံက သိပ်ကြီးကြယ်တော့ မြို့လေးတစ်မြို့လိုဖြစ်နေပါတယ်။ အထဲမှာတင် အကုန်ရှိနေပါတယ်။ အားကစားကွင်း၊ ဆေးရုံ၊ စာသင်ကျောင်း၊ အစရှိသဖြင့်အကုန်ရှိနေပါတယ်။ ၀န်ထမ်းအင်အား၊ လူဦးရေတွေကိုတော့ မမှတ်မိတော့ဘူး။ မှတ်စုစာအုပ်မသုံးပဲ ခေါင်းနဲ့ပဲမှတ်တာဆိုတော့ ဒါလောက်ပဲ မှတ်မိတော့တယ်။ ဒီထက်သိလိုလျှင်တော့ ဒီမှာ ဆက်ဖတ်လိုက်ပါဗျာ။ အဲ တစ်ခုပြောဘို့ကျန်သေးတယ်။ ဒီစက်ရုံအတွက်လိုအပ်တဲ့ ကုန်ကြမ်းအဖြစ်ပြည်တွင်းက ထုံးကျောက်ပဲ(Grandnite) ရှိတာပါတဲ့ ကျန်လိုအပ်ချက်တွေကို မလေးရှား၊ အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံတွေကနေ သွင်းယူရတာပါတဲ့။ အဲဒီစက်ရုံက ကျွန်တော်တို့လူ ၄၀ အတွက် လက်ဆောင်ပစ္စည်းအဖြစ် ၁၀ လက္မ ပတ်လည်လောက်ရှိတဲ့ Adaptor နှင့်တွဲလျှက်ပါတဲ မောက်ပက် (Mouse Pad) တစ်ခုစီပေးလိုက်တယ်။
ဒါလေးကတော့ စက်ရုံထဲမှာ လေ့လာစဉ် အပူချိန်နှင့် အမှုန်ကာကွယ်ဖို့ပေးထားတာလေးနဲ့ပါ။

ဒါလေးကတော့ ရှင်းလင်းဆောင်ရှေ့မှာ နှင့် POSCO MUSEUM့  ပြတိုက်ပါ။

ဒါလေးကတော့ အဖွဲ့လိုက်အမှတ်တရပေါ့။

စက်ရုံကိုလေ့လာပြီးတော့ ဂရောင်းကြူ (Kyong-Ju) မှာရှိတဲ့ ကိုလုံးဟိုတယ် (Kolong Hotel) သို့ခရီးဆက်ခဲ့ကြပါတယ်။ ဟိုတည်မှာ ဘလော့နှင့်ပတ်သက်တာလေးတွေ သင်ကြားပေးတယ်။ ကျွန်တော်တို့ကျောင်းသားအဖွဲထဲက နှစ်ယောက် (ပြင်သစ်မလေးတစ်ယောက်နဲ့၊ စင်ကာပူသူတစ်ယောက်) သူတို့ရဲ့ ဘလော့အတွေ့အကြုံနဲ့ အယူအဆလေးတွေကို ပြောပြခိုင်းတယ်။ နောက် ဓါတ်ပုံကောင်းကောင်းရဖို့ ရိုက်နည်းကို ဓါတ်ပုံဆရာနှစ်ယောက် (Professional Photographer) က သင်ကြားပြသပေးပါတယ်။ နမူနာပုံတွေလည်း အများကြီးရိုက်ပေးပါတယ်။
ဒါကတော့ ကိုလုံးဟိုတယ် (Kolong Hotel) မှာပါ။

ဒါကတော့ ဓါတ်ပုံရိုက်နည်းသင်တန်းလေးပေါ့။

နောက် ညစာစားပွဲနဲ့ တည့်ခင်းဧည့်ခံပါတယ်။ ညစာစားပွဲဆိုတဲ့အတိုင်း စားကြ၊ သောက်ကြ၊ ပျော်ကြ၊ ကကြ၊ ဆိုကြ ပေါ့ဗျာ။ တော်တော်ကို ပျော်ဖို့ကောင်းပါတယ်။ လူ ၄၀ ပတ်လည်ရိုက်ပြီး တစ်ယောက်မကျန် ရင်ချင်းအပ် နှုတ်ဆက်ရတာလည်း အသဲကွဲမတတ်ပါပဲ။ ဟဲ--ဟဲ---။ ချောချောလေးတွေပါလို့။
ဒါကတော့ ညစာစားပွဲအမှတ်တရလေးတွေပါ။



ညစာစားပွဲပြီးတော့ အချိန်က ၁၀ နာရီရှိနေပါပြီ။ ကျွန်တော်ကတော့ ကျန်းမာရေးနည်းနည်းအားနည်းနေတော့ အိပ်ရေး၀၀ အိပ်ဖို့ စဉ်းစားပြီး စောစောပဲအိပ်ယာဝင်လိုက်ပါတယ်။ အခန်းဖေါ်ကတော့ ရောက်တုန်းရောက်ခိုက်ဆိုပြီး မြိုထဲသွားလည်ကြတယ်တဲ့ ညတစ်နာရီကျော်မှပြန်ရောက်လာတယ်။ နံနက်စာစားပြီး ၈ နာရီလောက်မှာ ဟိုတယ်မှ စတင်ထွက်ခွာပါတယ်။ ပထမဦးဆုံး တောင်ပေါ်မှာရှိတဲ့ ဗုဒ္ဓရုပ်ပွားတော် ဆဂူလမ် (Sukgulam) ကို တက်ပြီး ကြည်ညိုကြပါတယ်။ တောင်ခြေမရောက်ခင်ကထည်းကမိုးကရွာနေတော့ တောင်ပေါ်တက်တော့ မိုးထဲရေထဲလမ်းလျှောက်ခဲ့ကြရပါတယ်။ တောင်ပေါ်မှာတော့ တိုးဂိုက်တစ်ယောက်က ဆီးကြိုနေပါတယ်။ ပြီးလိုက်လံရှင်းပြပါတယ်။
ဒါကတော့ တောင်အတက်လမ်းလေးမှာပါ။

အဲဒီမှာလည်း ဓါတ်ပုံမရိုက်ရတဲ့။ ဆိုတော့ ပုံပြစရာ ဗုဒ္ဓရုပ်ပွားတော်ပုံမရခဲ့ဘူးပေါ့ဗျာ။ မြန်မာပြည်က ရုပ်ပွားတော်တွေနဲ့ထူးမခြားနားပါဘူး။ သမိုင်းကတော့နည်းနည်းကွာနေသလားလို့။ ရုပ်ပွားတော်ရဲ့ နဖူးလည်တည့်တည့်မှာ ဆံပင်အဖြူရောင်တစ်ပင် ရှိတယ်လို့ ပြောတယ်။ စတွေ့တဲ့သူက တောကြီးထဲမှာ ထူးထူးခြားခြား နံနက်ခင်းနေရောင်ခြည်လို အလင်းရောင်ဖြာထွက်နေတဲ့ အဲဒီဗုဒ္ဓရုပ်ပွားတော်ရဲ့ ထိပ်ဖူးဆံစ ကိုစပြီးတွေ့မြင်ခဲ့တာပါတဲ။ ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး တဲ့ ဘုရားတစ်ဆူပါပဲ။
အဲဒီကပြီးတော့ တောင်အောက် မလှမ်းမကမ်းမှာ ရှိတဲ့ ဘူဂူဆာ (Bulkuksa Temple) ကို ဆက်လက်လေ့လာခဲပါတယ်။ အဲဒီမှာလည်းတိုးဂိုက်တစ်ယောက်က လိုက်လံရှင်းပြပါတယ်။ အဲဒီမှာတော့ ဓါတ်ပုံရိုက်ခွင့်ရှိပါတယ်။
ဒါက ဘူဂူဆာ (Bulkuksa Temple) ပါ။

အဲဒီကပြီးတဲ့နောက် အူးဆန် (Ulsan) မြို့မှာရှိတဲ့ Hyundai Heavy Industry, Hyundai Motors and Hyundai Ship Construction တွေကို လိုက်လံပြသပါတယ်။ ကားနဲ့ပဲ ပတ်ပြီး ကြည့်ရတာများပါတယ်။ စက်ရုံဝင်းကကြယ်ဝန်းတဲ့အပြင် အချိန်ကလည်း နည်းသွားပြီဖြစ်လို့ အမြန်ပဲ လေ့လာခဲ့ရပါတယ်။ မော်တော်ကား လေးတွေထုတ်လုပ်တဲ့ နောက်ဆုံး (Finishing) အပိုင်းကို အထဲဝင်ပြီးလေ့လာခွင့်ရခဲ့ပါတယ်။ ဒီအပိုင်းမှာတော့ ၉၀ ရာခိုင်နှုန်း လူနဲ့ပဲလုပ်ရပါတယ်။ ၁၀ ရာခိုင်နှုန်းပဲ Automate သုံးလို့ရပါတယ်။ စက်ရုံထဲမှာ အလုပ်သမားတွေ အစဉ်လိုက်တွေ့ခဲ့ရပါတယ်။ သူတို့ရှေ့ကို Chain တွေတပ်ထားတဲ့ Conveyer ကြီးက အပေါ်ကနေ ကားတွေတစင်းချင်း ဖြတ်သွားအောင် သယ်ပေးနေပါတယ်။ အလုပ်သမားတွေက ကိုယ့်ရှေ့ရောက်လာတဲ့ကားကို ကိုယ်တာဝန်ကျတဲ့အစိပ်အပိုင်းလေးတွေ တပ်ပေးလိုက်တာပါပဲ။ အချိန်က လူတစ်ယောက်ရှေ့မှာ ကားတစ်စင်းဟာ တစ်မိနစ်ပဲ ကြာမယ်ထင်ပါတယ်။ ဖြတ်သွားတာနဲ့ မိမိတာဝန်ကျတဲ့ ပစ္စည်းတပ်အပြီးပါပဲ။ ဒီလိုနဲ့ နှစ်နာရီကြာတိုင်း ၁၀ မိနစ်အနားပေးပါတယ်တဲ့။ တစ်နေ့ကို ၁၀ နာရီအလုပ်လုပ်စေပြီး ၈ နာရီကပိုတာကို Over time ကြေးပေးတဲ့အတွက် ဘယ်အလုပ်သမားကမှ အချိန်ပိုလုပ်ရလို့ရယ်လို့ Complain မလုပ်ပါဘူးတဲ့။ ကားတစ်စီ စတင်တပ်ဆင်တဲ့အချိန်ကနေ အပြီးမောင်းနှင်နိုင်ချိန်အထိ ၄၈ နာရီကြာပြီး ဒီစက်ရုံကနေ တစ်နေ့ ကားအစီးရေ ၆၅၀ ထုတ်လုပ်နေပါတယ်တဲ့။ ထွက်လာတဲ့ကားရဲ့ ၉၇% အကောင်းထွက်ပြီး ၃% ကတော့ ပြန်လည်ပြုပြင်ပေးရပါတယ်တဲ့။ ထွက်ရှိလာတဲ့ကားတွေကို ကားကျွမ်းကျင်ပညာရှင်တွေက စက်သံကို နားထောင်ပြီး ကောင်းမကောင်း စစ်ဆေးပါတယ်တဲ့။ စက်ရုံရဲ့ဝင်းထဲမှာ ကားအစင်း ၂၅၀၀ Parking လုပ်နိုင်ပါတယ်။ Professional Driver ၄၀၀ က နေ့စဉ် ကားဝင်းထဲကနေ သင်းဘောပေါ် မောင်းတင်ပေးနေပါတယ်တဲ့။ စက်ရုံပေါင်း ၆ ရုံရှိတာမို့ တစ်နှစ်ကို ကားစင်းရေ ၄သိန်း ပြည်ပသင်္ဘောတင်ပို့လျှက်ရှိပါတယ်တဲ့။ ကားတွေ တန်းစီရပ်ထားတာတွေများ တစ်မျှော်တစ်ခေါ် မျက်စေ့တစ်ဆုံးပါပဲ။ တစ်ယောက်တစ်စီးစီဝေလိုက်လျှင်ဘယ်လောက်ကောင်းမလဲ လိုအောင်းမေ့မိတယ်။ တစ်ယောက်တစ်စီးစီ ဝေတော့ဝေလိုက်ပါတယ်။ ဒါပေမဲ့ မီနီကား လေးတွေ။ ကားထုတ်လုပ်တဲ့နိုင်ငံဆိုတော့ ကားပေါတာပေါ့။ ဒါကြောင့်လည်း လူအများစုကားစီးနိုင်ပြီး လမ်းပိတ်ဆို့မှုတွေမကြာခဏကြားကြားနေရတာဖြစ်မယ်။ ကားထုတ်တဲ့နိုင်ငံမို့လူတိုင်းကားစီးပြီး ဖုန်းထုတ်လုပ်တဲ့နိုင်ငံမို့လူတိုင်းဖုန်းကိုင်တာမဆန်းပါဘူး။ ဆန်းတာက ဒီစက်ရုံထဲမှာလဲ ဓါတ်ပုံမရိုက်ရတဲ့။ ဆန်းတာပေါ့ဗျာ ဓါတ်ပုံမရိုက်ရတော့ ပြစရာ မပါလာဘူးဖြစ်သွားတာပေါ့။ ပြောပြတာက ပုံလေးပြလိုက်တာလောက်တော့ ဘယ်မြင်သာပါ့မလဲဗျာ။ တစ်ချို့တွေက ပုန်းဝှက်ပြီးရိုက်ကြတယ်။ သူတို့ထံကတဆင့်ရလျှင်တော့ ရှာပြီးတင်ချင်ပါတယ်။ ကျွန်တော်ကတော့ မရိုက်ရဆိုတာနဲ့ ကင်ပရာကိုမကိုင်တော့ဘူး။ ထပ်အပြောမခံချင်လို့လေ။ ကံဆိုးတာက PCNB ရဲ့ ၀န်ထမ်း ဘေးမှာထိုင်ရတော့ ခိုးမရိုက်သာတာလဲပါတာပေါ့။ သင်္ဘောတည်ဆောက်နေတဲ့နေရာတွေလည်း ရောက်ခဲ့ပါသေးတယ်။ စက်ရုံကထွက်တော့ PCNB ကလိုက်ပို့တဲ့ကားပေါ်ကဆင်းပြီး အူးဆန် (Ulsan Bus Terminal) မှတဆင့် ဘူဆန်မြို့ပြန်လာခဲရာ ည ၆း၃၀ မှာ ရှင်းလာတက္ကသိုလ်မှာရှိတဲ့ အခန်းပြန်ရောက်ပါတယ်။ လိုက်ပို့တဲ့ ကားက ဆိုလ်းမြို့ပြန်မှာဆိုတော့ စက်ရုံကထွက်တာနဲ့ လမ်းခွဲလိုက်ရတာပါ။
ဒါကတော့ ရှင်းလင်းဆောင်မှာပြထားတဲ့ သင်္ဘောနှင့် ဒီစက်ရုံကိုစတင်ထည်ထောင်သူ စီးခဲ့တဲ့ စက်ဘီးပုံပါ။



အပြည့်အစုံ (Read More)...

Saturday, July 18, 2009

ကိုရီးယားနိုင်ငံ တက္ကသိုလ်ကြီး ၄၁ ခုတွင် မြန်မာကျောင်းသားများ ပညာသင်ဆု (Schloarship) လျှောက်ထားနိုင်။


တောင်ကိုရီးယားအစိုးရသည် မြန်မာအပါအ၀င် အာဆီယံနိုင်ငံများမှ ကျောင်းသားများကို ပညာသင်ဆုပေးအပ်ပြီး ကိုရီးယားတက္ကသိုလ်များတွင် ပညာသင်ခွင့်ပေးနေကြောင်း၊ ပညာသင်ဆုရရှိသောကျောင်းသားများသည် ကိုရီးယားနိုင်ငံရှိ ကမ္ဘာ့အဆင့်မီတက္ကသိုလ်ကြီး ၄၁ ခုတွင် ပညာသင်ယူရန်လျှောက်ထားနိုင်ကြောင်း၊ ထိုတက္ကသိုလ်ကြီးများတွင် အစိုးရလက်အောက်ရှိတက္ကသိုလ်များပါဝင်သကဲ့သို့ ပုဂ္ဂလိကတက္ကသိုလ်များလည်း ပါဝင်ကြောင်းသိရသည်။ တောင်ကိုရီးယားအစိုးရသည် ၂၀၀၅ ခုနှစ်မှစတင်ပြီး မြန်မာကျောင်းသားများကို ပညာသင်ဆုပေးခဲ့ပြီး နှစ်စဉ်

မြန်မာကျောင်းသား နှစ်ဦးကို ပညာသင်ဆုပေးအပ်ခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ်တွင်မူ ဘွဲ့ကြိုကျောင်းသား ၇ ဦးနှင့် ဘွဲ့လွန်ပညာဆည်းပူးကြမည့် မြန်မာကျောင်းသား ၂၈ဦး (Post Doct ၁ ဦး) ကို ပညာသင်ဆုပေးအပ်ခဲ့ပြီး ကိုရီးယားတက္ကသိုလ်များတွင်ပညာသင်ကြားစေခဲ့ကြောင်း၊ ယခု ၂၀၀၉ ခုနှစ်တွင် ဘွဲ့ကြိုမြန်မာကျောင်းသား ၁၀ ဦးကို ပညာသင်ဆုပေးအပ်ခဲ့ပြီး ကိုရီးယားတွင် ပညာသင်ခွင့်ပေးထားရာ မကြာမီတွင် ဘွဲ့ရရှိတော့မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၀၅ ခုနှစ်မှ ယခုအချိန်အထိ မြန်မာကျောင်းသားစုစုပေါင်း ၅၀ ဦးကို ပညာသင်ဆုပေးအပ်ပြီးဖြစ်ကြောင်း ပထမအတွင်းဝန်၏ အဆိုအရသိရှိရသည်။

လာမည့် ၂၀၁၀ ခုနှစ်တွင် မြန်မာအပါအ၀င်အာဆီယံ နိုင်ငံများမှ ကျောင်းသား ၅၀၀ ဦးကို ကိုရီးယားပညာသင်ဆုပေးမည်ဖြစ်သည့်အတွက် မြန်မာကျောင်းသားများရရှိမည့် ကိုရီးယားပညာသင်ဆု ခွဲတမ်းအရေအတွက် ပိုမိုလာနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးမှ စုံစမ်းသိရှိရသည်။

တက္ကသိုလ်ဝင်တန်းစားမေးပွဲတွင် တစ်ဘာသာချင်းအလိုက် ရမှတ် ၇၀ နှင့်အထက်ရရှိသော ကြောင်းသားများသည် ကိုရီးယားပညာသင်ဆု လျှောက်ထားနိုင်ပြီး ၂၀၁၀ ခုနှစ် အတွက် လျှောက်လွှာခေါ်ယူခြင်းကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ (သို့မဟုတ်) ၂၀၁၀ ခုနှစ် ဇန်န၀ါရီလတွင် ကိုရီးယားသံရုံးမှ တရားဝင် ထုတ်ပြန်ကြေညာမည်ဖြစ်သည်။ ပညာသင်ဆုလျှောက်ထားလိုသော ကျောင်းသားများ ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံရုံးတွင် လာရောက်စုံစမ်းနိုင်ကြောင်း အဆိုပါသံရုံးထံမှ စုံစမ်း သိရှိရသည်။ (Voice, Monday 20-26, 2009 မှကူးယူဖေါ်ပြပါသည်)


အပြည့်အစုံ (Read More)...

Friday, July 17, 2009

ရှင်းလာ (Silla University) အကြောင်း တစ်စေ့တစ်စောင်း။

ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ဒီ ရှင်းလာ တက္ကသိုလ်မှာ ပညာလာ ဆည်းပူးနေရတာ ပျော်ပါတယ်။ ဆရာ၊ဆရာမတွေရဲ့ သင်ကြားပေမှု ဟာ အလွန်မှ နွေးထွေးပါတယ်။ ကျွန်တော်ဒီကျောင်းမှာ တက်နေရတာ ကံကောင်းတယ်လို့ ပြောလို့ရသလို ကံဆိုးတယ်လို့လည်း ပြောစရာတွေရှိနေပါတယ်။ ဘာလို့လည်းဆိုတော့ ဒီကျောင်းက နိုင်ငံခြားသား ကျောင်းသား ဆိုလျှင် တရုတ် လို့ပဲ သူတို့က နားလည်ထားတယ်ထင်ပါရဲ့။ သင်ရိုးညွှန်းတန်း စာအုပ်တွေကို တရုတ်လိုရှင်လင်းချက်ပဲ ပါတာ။ တခြားနိုင်ငံခြားသားတွေအတွက် တော်တော်လေး အခက်အခဲဖြစ်စေပါတယ်။ နိုင်ငံခြားသားကျောင်းသား လက်ခံတာ (တရုတ်ကလွဲလို့ပေါ့လေ) ဒီနှစ်မှစတာဖြစ်လို့ပါတဲ့။ နောက်နှစ်တွေများမှာတော့ ဘာသာအမျိုးမျိုးနဲ့

သင်ရိုးထုတ်ပေးဖို အားထုတ်နေပါတယ်လို့တော့ ကြားသိရတာပဲ။ ဒီမှာက ကကြီးကျောင်းသားက လွဲလျှင် တရုတ်ကျောင်းသားအများဆုံးပဲ။ ဘယ်နှစ်က စပြီး တရုတ်ကျောင်းသားတွေကို လက်ခံသင်ကြားပေးနေတယ်ဆိုတာတော့ အတိအကျမသိရဘူး။ ဆရာ၊ ဆရာမတိုင်း လိုလိုကလည်း တရုတ်လို မွှတ်ကြတယ်။ အင်္ဂလိပ်လို၊ ပြင်သစ်လို၊ ဂျပန်လို ရတဲ့ဆရာ၊ဆရာမက နည်းနေတယ်လို့ သိရတယ်။ ဒီမှာ တက်တဲ့ ကျောင်းသားထဲမှာ ကျွန်တော်ပဲ ဒုက္ခရောက်တာမဟုတ်ပါဘူး။ တရုတ်ကလွဲလို့ အားလုံး ခံစားကြရတာပါပဲ။ ဘာလို့လည်းဆိုတော့ အခန်းအနားပဲရှိရှိ၊ အစည်းဝေးပဲလုပ်လုပ်၊ လေ့လာရေးခရီးပဲထွက်ထွက်၊ ကိုရီးယား လိုရှင်းပြပြီးလျှင် တရုတ်လို ရှင်းပြတယ်။ ဒါပဲ။ အင်္ဂလိပ်လိုများ ရှင်းမလားလို့ မျှော်ရတာ မျှော်သူသာ မောသွားမယ်။ ဆရာဆရာမတွေထဲက အီးလိုဘာသာပြန်ပေးမဲ့ သူမပါဘူး။ သတိယမိသေးတယ် လေ့လာရေးခရီးတစ်ခုမှာ ကျွန်တော်ရယ်၊ မွန်ဂို နိုင်ငံက ဘီလီရယ်၊ ဂျပန်က ရှီတိုကီရယ် သုံးယောက်သမား မေးနေကြတာလေ။ အခုရှင်သွားတာ နားလည်လား မင်းသိလား ဘာတဲ့လဲ ဆိုတော့ အားလုံးရဲ့ အဖြေက တစ်ခုတည်းရယ် (ငါလည်းမသိဘူး)တဲ့။ လေ့လာရေးခရီး လိုက်သာလာရတာ ရှင်ပြတာတွေ ဘာမှ မသိရဘူးလေ။ ကြည့်တယ် မြင်တယ် လိုချင်တာ ဓါတ်ပုံရိုက်ယူခဲ့တယ်။ ဒါပဲ။

ကျွန်တော်တို့အတန်းမှာက ဆရာတစ်ယောက် 김찬구၊ ဆရာမနှစ်ယောက် 구다혜 와 긴관미သင်ကြားပေးပါတယ်။ 구다혜 ကအတန်းပိုင်ဆရာမပါ။ အခုတင်ထားတဲ့ ဗွီဒီယိုလေးက သူဖန်တီးပြီး ပို့ပေးထားတာပါ။ ကျောင်းသားက အားလုံး ၁၈ ယောက်ပါ။ တရုတ်က ၁၃ ယောက်ပါတယ်။ ကျန်တဲ့ငါးယောက်က- မြန်မာ ကျွန်တော်၊ ဂိနီနိုင်ငံက ဆူမာ၊ အယ်လ်ဂျီးရီးယာက အိုမာ၊ နိုက်ဂျီးရီးယားက ဒါဗီး ရယ်၊ အယ်လ်ဆာဗာဒို က အီဗွန် (အမျိုးသမီး) ရယ်ပါ။ ကျွန်တော်တို့အခက်အခဲကို ဆရာ၊ဆရာမတွေ သိပါတယ်။ အခွင်ရတိုင်းလည်း ကျွန်တော်ကတော့ အမြဲ ဝေဖန်ချက်တွေပေးတယ်။ နိုင်ငံခြားသားကျောင်းသားတွေလက်ခံပြီး ဘာဖြစ်လို့ အင်္ဂလိပ်လို တွင်တွင်ကြယ်ကြယ် မသုံးတာလဲလို့လေ။ တစ်တန်းတစ်ခါ ကျောင်းသားတွေရဲ့ ဆရာ၊ဆရာမတွေအပေါ်အမြင်၊ ကျောင်း၊သင်တန်းအပေါ်အမြင်၊ အကြံပြုချက်တွေ တောင်းတယ်။ တောင်းတိုင်းလည်း ကျွန်တော်ထည့်ရေးတယ်။ နောက်နှစ်များမှာတော့ အားလုံးအတွက် ဒီကျောင်းက အဆင်သင့်ဖြစ်နေလောက်ပါပြီ။ ဒီကျောင်းလေးက အစက ကျောင်းသေးသေးလေးပဲ အခုမှ တဟုန်တိုး တိုးတက်လာတာပါတဲ။ ဒါက အနီး နားမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း မှာ ဒကာကြီးတစ်ယောက်က ကောက်ချက်ချ ဝေဖန်တဲ့စကားလေးပါ။

အင်း ကျွန်တော်ပြောသွားတဲ့အထဲမှာ ခြွင်းချက်တော့ ပါတာ့ပေါ့ဗျာ ဘာလဲဆိုတော့ ကကြီးလို တတ်နေတဲ့ နိုင်ငံခြားသားတွေက တော့ အခက်အခဲ မရှိလှပါဘူး။ ကကြီးမေဂျာသမားတွေအတွက် က အိုကေပါတယ်။ ဒီရောက်မှ ကကြီး စကားစသင်ရတဲ့ ကျွန်တော်တို့အဖွဲ့ ပဲ ပယ်ပယ်နယ်နယ် ခံနေရတာပါ။ language major မဟုတ်ပဲ subject (science) မေဂျာသမားတွေလေ။

အင်း မိတ်ဆွေများကို ကြိုပြောထားရအုံးမယ်။ ကျွန်တော်က နည်းနည်းလေရှည်တတ်တယ်။ ရေးထားတာဖတ်ပြီး တော်တော်လေရှည်တဲ့ကောင်ပဲလို့ ဝေဖန်မှာစိုးလို့ ကြိုပြောလိုက်တာ။ စာမေးပွဲတစ်ခုက ပြီးသွားပြီဆိုတော့ လေရှည်ဘို့ အချိန်နည်းနည်းရပြီလေ။ မနေ့ကပဲ ရေးဖြေ ပြီးတယ်။ ဒီနေ့ စကားပြော ဖြေပြီးတာ။ ဒီလကုန်လည်း စာမေးပွဲတစ်ခုတော့ ထပ်ဖြေရဖို့ရှိသေးတယ်။ ကျောင်းသားနဲ့ စာမေးပွဲဆိုတာတော့ ခွဲခြားလို့မှ မရတာ ကြာတော့လည်း ရိုးနေပါပြီ နော့ဗျာ။
video

အပြည့်အစုံ (Read More)...

Thursday, July 16, 2009

ကိုရီးယား နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှု ၀တ်စုံ၊ ၀တ်နည်း သင်ခန်းစာလေး အမှတ်တရ။

video
(22.4.2009) နေ့က ကိုရီးယား ရိုးရာ ယဉ်ကျေးမှုဝတ်စုံ ၀တ်နည်း သင်ကြားပေးစဉ်က အမှတ်တရ ရိုက်ခဲ့တဲ့ မှတ်တမ်း လေးတင်ပေးထားပါတယ်။ မလှပေမဲ့လည်း အမှတ်တရပေါ့ဗျာ။


အပြည့်အစုံ (Read More)...

Tuesday, July 14, 2009

ဒီဘလော့ လေးအကြောင်း တစ်စေ့တစ်စောင်း။ (About this Blog)

ကျွန်တော် ဒီဘလော့ လေးကို ဖန်တီးနေပေမဲ့ ဒီဘလော့လေးအကြောင်း အကြယ်တ၀င့် ရှင်းမပြဖြစ်သေးဘူး။ တစ်ကယ်တော့ ဘလော့လေးတစ်ခုလောက်ဖန်တီးချင်နေတာကြာပါပြီ။ ဘာမှ မသိ၊ မတတ်တော့ မလုပ်ရဲဘူးဖြစ်နေတာ။ အခုတော့ တွန်းအားတစ်ခု ရလာတာနဲ့

လုပ်ဖြစ်သွားတာပါ။ ဘာလဲဆိုတော့ NIIED ရဲ့ ခွင့်ပြုချက်နဲ့ PCNB (Presidential Council on Nation Branding) ဆိုတဲ့ အစည်းဝေးလေး ဆိုလ်း (Seoul) မြို့မှာ (၂၆.၆.၂၀၀၉) နေ့က လုပ်တာလေး သွားတက်လိုက်တာနဲ့ လုပ်မယ်လို့ ဆုံးဖြတ်ပြီး လုပ်ဖြစ်သွားတာပါပဲ။ နေတာက ဘူဆန်မြို့ (Busan) မှာဆိုတော့ နေ့ချင်းပြန် အစည်းဝေးသွားတက်ရတာ ပင်ပန်းပါတယ်။ စပ်စုချင်စိတ်နဲ့သာ သွားတက်လိုက်တာ။ ကိုရီးယားရောက်နေတာ (၈) လလောက်ရှိနေပေမဲ့ ဘာကိုမှ မယ်မယ်ရရ မသိသေးတာ ကိုလည်း ကိုယ်ကိုကိုယ် မကျေနပ်ချင်ဘူး။ ဘူဆန်ဝန်းကျင်တော့ နှံ့တာပေါ့လေ။ ဒါပေမဲ့ အခြား သိချင်တာတွေများနေတော့ ဘယ်က စရင်ကောင်းမလဲ စောင့်နေတာ။ အခွင့်ရတာနဲ့ ခရီးထွက်ဖို့ချောင်းနေတာ။ အတော်ပဲ အစည်းဝေးဖိတ်စာလေးရောက်လာတာနဲ့ သွားစပ်စုလိုက်တယ်။ အစည်းဝေးဆိုပေမဲ့ နားထောင်ပြန်လာရုံပါပဲ။ သိချင်တာရှိ မေး ဒါလောက်ပါပဲ။ ကိုယ်က အကြံပေးရလောက်အောင် ဘာမှ မှမသိသေးပဲလေ။ သူတို့ရည်ရွယ်ချက်ကတော့ ဒီ ကိုရီးယားနိုင်ငံ အကြောင်း လူတွေသိစေချင်တာ။ ကမ္ဘာကို ပြချင်တာပါပဲ။ ဒီနေရာလေးတွေ လိုက်ပို့မယ်တဲ့။ visiting several tourist attractions and some of Korea’s major companies (Posco, Hyundai Motors, Hyundai Heavy Industry) around the area. ပြီး သတင်းလေးတွေလည်း ပံ့ပိုးပေးမယ်ပြောတော့ တော်တော်အားရှိသွားတာပေါ့ဗျာ။ ကိုယ်ကိုယ်တိုင်ဆို ဘယ်လို ဘယ်က သတင်းရအောင်ယူရမလဲ။ ရတဲ့သတင်းကလည်း အများအတွက် အသုံးဝင်မဲ့ စိတ်ဝင်စားမဲ့ သတင်း ဖြစ်ဖို့ကလည်း လိုသေးတယ်လေ။ အခုတော့ ရေဆာနေတုန်း ၀ုန်းဆို ရေတွင်းထဲကျသွားသလိုပါပဲ။ ဟား--ဟား--။ ဥပမာပေး ကြမ်းသွားတယ်ထင်တယ်။ ပြန်တက်ဖို့ ဦးနောက်စားသွားအုံးမယ်။ မလိုပါဘူး။ ကိုယ် သိချင်တာလည်း စပ်စုခွင့်ရမယ်။ ကိုယ်သိသလောက်လည်း သိချင်တဲ့သူကို ပြန်ပြောပြခွင့်ရမယ်။ နောက်ပြီး ကြော်ညာချင်တဲ့ ပစ္စည်းလေးဘာလေး စမ်းသုံးခွင့်ပေးလျှင်----(ဟား---ဟား---သဘောပြောပါတယ်) မပေးချင်နေပေါ့ ကိုယ်မသုံးကြည့်ရလျှင် ကောင်း မကောင်း မသိဘူးပဲ ပြောပြလိုက်မှာပေါ့နော့။ ဟီး။
ဒါလောက်ဆို ဒီဘလော့မှာ ဘာတွေရနိုင်တယ်ဆိုတာ သတိထားမိလောက်ပါပြီနော့။ မြန်မာတွေ ပြောပြောနေတဲ့ ကကြီးအကြောင်းပေါ့ဗျာ။ ကိုရီးယားနိုင်ငံအကြောင်း ကျွန်တော်စပ်စုလို့ရသလောက် သိချင်၊ ဖတ်ချင်သူကို ပြောပြရင်း သတင်းပေးသွားပါမယ်လို့---ရွည်ရွယ်ထားပါတယ်ဗျာ--။ မိမိကိုယ်တိုင်က ပညာသင်ဆု (Scholarship) နဲ့ လာစပ်စုနေတာဖြစ်တော့ နောက်ပေါက် လူငယ်မောင်မယ် များအတွက် စကောလားသတင်းလေးလည်း လက်လှမ်းမှီသလောက် စုစည်းတင်ပြပေးသွားဖို့ရှိပါတယ်။ ဖျော်ဖြေရေးကတော့ မဆိုသလောက်ပဲပေါ့ဗျာ။ ကိုယ်တိုင်မတင်ပေးနိုင်ပေမဲ့ လိုရာခရီး ဆက်လက် ၀င်ရောက် မွှေနှောက်နိုင်ဘို့ လမ်းလေးတွေ ဖွင့်ပေးသွားမှာဖြစ်ပါတယ်ဗျာ။
ကျွန်တော့်ရဲ့ ဒီ ဘလော့လေးကို ဒီအဖွဲ့အစည်း က ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။
အားလုံး လိုရာခရီး အပြီးနှင်နိုင်ကြပါစေဗျား---။ လိုအပ်တာရှိလျှင်လည်း အကြံပေးဆွေးနွေး ပေးပါခင်ဗျား--။ ၀င်ရောက်လည်ပတ်သွားသူတွေကိုလည်း အထူးကြိုဆိုရင်း ကျေးဇူး တင်ရှိပါကြောင်းခင်ဗျား---။

အပြည့်အစုံ (Read More)...

Sunday, July 5, 2009

National Institute for International Education (NIIED)

ပညာသင်ဆုပေးနေတဲ့ အစီအစဉ်တစ်ခုပါ။ (NIIED)
နောက်တက် ကျောင်းသား လူငယ်လေးများ စိတ်ဝင်စားမယ်ထင်လို့ သတင်းလေး အတိုချုပ် တင်လိုက်ပါတယ်။
National institute for International Education (NIIED) ကို Ministry of Education, Science and Technology ရဲ့အောက်မှာ ဖွဲ့စည်းတည်ထောင်ထားတာဖြစ်ပါတယ်။ ၁၉၆၂ မှာ an Education Center for Oversea Korean ဆိုပြီး စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၂ မှာ မှ NIIED လို့ ပြောင်းလည်း ဖွဲ့စည်းခဲ့ခြင်းပါတဲ့။ ရည်ရွယ်ချက်ကတော့ Globalization အတွက် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ဖို့ပါတဲ့။ အဓိကတော့ ပညာရေးကို ဦးစားပေး ပြီး ဆောင်ရွက်မယ်ပေါ့။ ကိုရိးယား နိုင်ငံသား ၇ သန်းကျော်လောက် က ကမ္ဘာ့ နိုင်ငံပေါင်း ၁၅၀ ကျော်မှာ ပညာသင်ယူရင်း သူတို့နေထိုင်ကျက်စားရာ နိုင်ငံ အသီးသီးရဲ့ လူမှု ပတ်ဝန်းကျင်မှာ အပြည်ပြည်ဆိုင်ရာ လူမှုဆက်ဆံ နေထိုင်ရေး တိုးတက်ဖွံ့ ဖြိုးဖို့ ကြိုးစား နေကြပါတယ်တဲ့။ အဲဒီအပေါ်မှာလည်း ဒီအဖွဲ့အစည်းက အာရုံစိုက်ထောက်ပံ့တယ်ပေါ့။ နောက် ပညာသင်ဆုတွေပေးပြီး နိုင်ငံတကာက ကျောင်းသားတွေနဲ့ ကျောင်းသားလဲလှယ်ရေး (student exchange) တွေ လုပ်တယ်။ နောက် ကိုရီးယား လူငယ်တွေ အင်္ဂလိပ်စာတိုးတက်ပြီး ကမ္ဘာနဲ့ ဆက်သွယ်ပြောဆိုနိုင်ဘို့ EPIK လို့ခေါ်တဲ့ (English Program in Korea) တို့ နောက် Native English speaker တွေကို ဖိတ်ပြီး သင်ကြား စေတဲ့ Talk လို့ခေါ်တဲ့ (Teach and Learn in Korea) ဆိုတဲ့ အစီအစဉ်တွေလည်း လုပ်ပေးနေပါတယ်။ ပြည်ပကျောင်းသားတွေ ကို ပညာသင်ဆုပေးထားတာ ၀၁.၁၂. ၂၀၀၈ စာရင်းအရ ဘွဲ့ကြို ကျောင်းသား ၄၈ နိုင်ငံမှ ၂၆၀ ယောက်၊ ဘွဲလွန်ကျောင်းသား ၈၇ နိုင်ငံမှ ၇၅၇ ယောက် ခေါ်ယူ သင်ကြား စေလျှက်ရှိပါပြီ်တဲ့။ ၂၀၀၈ ခုနှစ်မှာ မြန်မာပြည်မှ ကျောင်းသားပေါင်း ၂၉ ယောက် ပါဝင်ပါတယ်။ ဒီနှစ် ၂၀၀၉ မှာလည်း နိုင်ငံပေါင်း ၁၀၇ နိုင်ငံ မှ ကျောင်းသား ပေါင်း ၃၅၀ ကို ဖိတ်ခေါ်ထားပါတယ်တဲ့။ ဒီ NIIED ကပေးတဲ့ KGSP (Korean Government Scholarship Program) ကို စိတ်ဝင်စားကြလို့ လျှောက်လွှာ download လုပ်သူပေါင်း ဒီနှစ် ၃၂၄၂ ယောက် တောင်ရှိပါတယ်တဲ့ဗျာ။ ခေါ်တဲ့အထဲမှာ မြန်မာကျောင်းသားတွေလည်း ခေါ်ထားတော့ မြန်မာကျောင်းသားတွေ များများ ရစေချင်ပါတယ်။ မြန်မာပြည်လည်း တိုးတက်သင့်တယ်မဟုတ်လားဗျာ။

ဘာပဲပြောပြော စာရိတ်ပေး သင်ပေးလို့ကတော့ တစ်ကမ္ဘာလုံးက ကျောင်းသား တော်တော်များများကတော့ လာချင်ကြမယ်ထင်ပါတယ်။ အောက်က ဗွီဒီယိုမှာ ပြောထားသလိုပေါ့ သူတို့က ကမ္ဘာ့ အသိုင်းအ၀ိုင်း တိုးချဲ့ ချင်တာဆိုတော့ ပညာရှာသူတွေအတွက် တော့ ဒီ Program လေးက စိတ်ဝင်စားစရာပါ။ တစ်ချို့တော့ ရှိနိုင်တာပေါ့လေ ဒီမှာ ကျွန်တော်တို့နဲ့ အတူတက်နေတဲ့ ကမ္ဘောဒီးယား သူငယ်ချင်းတစ်ယောက်လို၊ သူကတော့ ပထမနှစ်ဝက်ပဲတက်ပြီး ပြန်သွားတာ မိသားစုနဲ့ ခွဲရတာ မတန်ဘူးဆိုပြီး ပြန်မလာတော့ဘူးဗျာ။ ငွေပေးပြီးသင်ပေးလဲ မလိုချင်ဘူးကွာ ဆိုတဲ့သူလည်း အနည်းအပါးတော့ ရှိချင်လည်း ရှိမှာပေါ့။ သတင်းလေးမျှဝေတာပါ။ အသေးစိတ်သိလိုလျှင်တော့ ဒီနေရာလေး ကို ဆက်ဖတ်လိုက်ပါဗျာ။ အဲဒီမှာပဲ ပညာသင်ဆု လျှောက်လွှာလည်း ရနိုင်ပါတယ်။
video

အပြည့်အစုံ (Read More)...

Wednesday, July 1, 2009

မြန်မာဖွန့် ဖတ်မရသောသူငယ်ချင်းများအတွက် အလွယ်ဆုံးနည်းလေးပါ။ (For my friends who can't install (as not admin account) Myanmar font)

Base from burglish text editor လေးပါ။ (just copy and paste in the box of this link)
ဘယ်ကစ ပြောရင်ကောင်းမလဲ စဉ်းစားနေတာ။ အခု မြန်မာ ဖွန့် နဲ့ပတ်သက်လို့ ရေးမရ၊ ဖတ်မရ ဖြစ်နေကြတယ်ဆိုတဲ့ မြန်မာသူငယ်ချင်းများအတွက် မြန်မာစာဖတ်လို့လည်း ရ ရိုက်လို့လည်း ရတဲ့ အလွယ် နည်းလေး ပေးလိုက်ချင်ပါတယ်။ သူငယ်ချင်းတွေက ပြောပါတယ်။ မြန်မာဖွန့် install လုပ်ဖို့ ကိုယ်ပိုင် ကွန်ပျူတာ မ၀ယ်ရသေးဘူး။ ကျောင်းက၊ ရုံး က ကွန်ပျူတာနဲ့ပဲ သုံးနေရတော့ မြန်မာလို ဖတ်ချင်ရေးချင်ပေမဲ့ အခက်ခဲဖြစ်နေကြတယ်လို့ ညည်းသံတွေ ကြားနေရပေမဲ့ အရင်ကတော့ ကျွန်တော်လည်း download လုပ် install လုပ် ဆိုတာလောက်ပဲ အကြံပေးနိုင်ခဲ့တော့ အဆင်ပြေအောင် မကူညီနိုင်ခဲ့ပါဘူး။ အခုတော့ Saturngod ရဲ့ကျေးဇူးကြောင့် ဒီလင့်လေး ရတာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ Download လုပ်စရာလည်းမလိုဘူး။ Install လုပ်စရာလည်း မလိုဘူး။ ကိုယ်ပိုင်ကွန်ပျူတာရှိစရာလည်းမလိုဘူး။ Admin ရဲ့ခွင့်ပြုချက်လည်း တောင်းစရာမလိုပါဘူး။ သုံးကြည့်ပါ လွယ်ကူပါတယ်။ ဖတ်မရတဲ့ စာတွေကို copy လုပ်ပြီး အဲဒီလင့်လေးထဲက box လေးထဲထည့်လိုက်တာနဲ့ ဖတ်ရသွားပါမယ်။ ကိုယ်ကပြန်ရိုက်ပို့ချင်လျှင်လည်း အဲဒီထဲမှာပဲ ရိုက်ပြီး ပို့ချင်တဲ့သူထံ ပို့သာချလိုက်ပါ။ copy , paste လုပ်ပြီးပို့ ရမှာပါ။ paste လုပ်တဲ့အချိန်မှာ မိမိရဲ့ chatting box or email box ထဲမှာ ဖတ်မရတာကို စိတ်မပူပါနဲ့ တဘက်လူက ဖတ်ရပါတယ်။ (ကိုရီးယားနိုင်ငံအကြောင်းပြောပြမယ် ဆိုပြီး ပေါက်ကရတွေ ရေး နေမိတာကိုတော့ သည်းခံ နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။) အားလုံးအဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေ။ ။

အပြည့်အစုံ (Read More)...